၁၈၆၉ ခုနှစ် အရောက်တွင် နိုင်ငံသားအချင်းချင်း မည်သည့် မျိုးနွယ်မဆို လက်ထပ် ထိမ်းမြားနိုင်သော ဥပဒေနှင့် မည်သည့် အလုပ်အကိုင်ကိုမဆို ရွေးချယ်နိုင်သည့် ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ၁၈၇၁ ခုနှစ်တွင် ပဒေသရာဇ် အဆင့်ဆင့်၏ မြေပိုင်ဆိုင်မှု စနစ်ကို ပယ်ဖျက်နိုင်ခဲ့သည်။ ချက်ချင်းလိုလိုပင် အစိုးရအနေနှင့် စက်ရုံ အလုပ်ရုံ များကို ဆာမူရိုင်း လက်ဟောင်းများအား ထူထောင်စေခဲ့ပြီး တစ်မူ ခြားနားသည့် စီးပွားရေး ခေတ်သစ်ကို လမ်းပြ ကြိုဆိုနိုင်ခဲ့သည်။ တရုတ် ယဉ်ကျေးမှုက ဂျပန်၏ အစောပိုင်း သမိုင်းကြောင်းကို သြဇာ လွှမ်းခဲ့သည်ဟုဆိုလျှင် အနောက်တိုင်း၏ ခြိမ်းခြောက်မှုက ခေတ်သစ် အုပ်ချုပ်သူများကို အနောက်တိုင်းမှ လေ့လာ သင်ယူရန် ဖြစ်နိုင် သမျှ မြန်မြန်လွှမ်းမိုးခဲ့သည် ဟု ဆိုနိုင်လေသည်။ ထိုအချိန်၌ တရုတ်ပြည်ကြီးမှာ ဘိန်းစစ်ပွဲ အဆင့်ဆင့်ဖြင့် ဝါးမျို ခံနေရပြီဖြစ်ရာ ဂျပန်၏ လွတ်လပ်မှုကို ထိန်းသိမ်းရန်အတွက် အပြောင်းအလဲလုပ်ရန် အရေးတကြီး လိုအပ် လာပြီဟု အုပ်ချုပ်သူများက မှတ်ယူကြသည်။ ဂျပန်တို့၏ အမြန်နှုန်း၊ တစ်သမတ်တည်းသောစိတ်၊ အစိုးရသစ်၏ လူတန်းစား စုံစုံလင်လင် ပါဝင်လာစေရန် အားထုတ်မှုများကြောင့် ထိုနှစ်များအတွင်း ပြောင်းလဲလာမှု များမှာ အောချရလောက်သည့် ထူးဆန်း အံ့ဖွယ် သမိုင်းကြောင်း ဖြစ်ရပ်များအဖြစ် ကျန်ရစ်ခဲ့တော့ သည်။
အသက်ရှူမှားဖွယ်ရာ အနှစ် ၂၀ ကာလအတွင်း ပုံစံသစ် အုပ်ချုပ်ရေး အဖွဲ့အစည်းများ တည်ထောင် ရာတွင် အနောက်တိုင်း၏ အတွေ့အကြုံကို အဓိကထား လေ့လာခဲ့သည်။ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုသို့ သံတမန်များ၊ မစ်ရှင်များ စေလွှတ်ကာ ကောင်းနိုးရာရာကို လေ့လာသင်ယူ၊ ငှားရမ်း သုံးစွဲပြီး မိမိတို့နှင့် ပေါင်း စပ်ရန် ကြိုးစားစေခဲ့သည်။ ထိုသို့ စေလွှတ်ရာတွင် မည်သည့် တိုင်းပြည်က မည်သည့် ပညာရပ်ဖြင့် ထင်ရှား သည် စသည်တို့ကို စနစ်တကျ ပြုစုကာ လိုအပ်သလို ပို့လွှတ်ခြင်း ဖြစ်သည်။ ရလဒ်များကား ချက်ချင်း လက်ငင်းလိုလို အကျိုးပေးခဲ့သည်။
၁၈၇၃ ခုနှစ် ဂျပန်တွင် ပြဋ္ဌာန်းခဲ့သည့် ပညာရေးစနစ်မှာ ပြင်သစ်ရှိ ခရိုင်ကျောင်းများပုံစံ ဖြစ်သည်။ ရေတပ် တည်ဆောက်ရာ၌ ဗြိတိသျှတို့ကို အတုခိုးခဲ့ပြီး ကြည်းတပ်ကိုမူ ပထမ ပြင်သစ်တို့ထံမှ၊ နောက်ပိုင်းတွင် ဂျာမနီ ထံမှ နမူနာ ယူခဲ့သည်။ မီးရထားလမ်းများကို ဗြိတိန်မှ အတုယူခဲ့ပြီး တက္ကသိုလ် များကိုမူ အမေရိကပုံစံကို အတုခိုးခဲ့သည်။ ၁၈၇၁မှ ၁၉၇၆ ကာလအတွင်း ဥရောပမှ ကျွမ်းကျင်သူ အယောက် ၃၀၀ ထက်မနည်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ ဌာနများအတွက် ခေါ်ယူခဲ့ပြီး ပုံစံထုတ်ခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းစဉ်များ၌ ကူညီစေခဲ့သည်။
၁၈၇၀ ပြည့်နှစ်များ နောက်ပိုင်းမှ စတင်၍ အစိုးရအနေနှင့် တည်ဆောက်ပြီးခဲ့သည့် စက်ရုံသစ်များကို စတင် ရောင်းချပေးခဲ့သည်။ ယင်းလုပ်ဆောင်ချက်က အရင်းရှင် လူတန်းစားတစ်ရပ်ကို ဖော်ထုတ် ပေးခဲ့ပြန်သည်။ အများစုမှာ ဆာမူရိုင်း လက်ဟောင်းများ ဖြစ်ကြပြီး အစိုးရက ၎င်းတို့အား ပေးအပ် ထားသည့် ငွေတိုက် စာချုပ်များကို အသုံးပြု ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ ကနဦးအစမှာပင် ထိုအရင်း ရှင် အသစ်စက်စက်များ၌ မေဂျီ ခေတ်လွန်နှင့် ယနေ့ထိတိုင် ကျန်ရစ်ခဲ့သည့် စရိုက်လက္ခဏာ နှစ်ခုကို တွေ့မြင်လာရသည်။ ပထမ လက္ခဏာ မှာ ၎င်းတို့၏ ရပ်တည်မှုနှင့် အဆင့်အတန်းသည် အစိုးရ၏ ရက်ရောမှု၊ ထောက်ပံ့မှုကြောင့်ဖြစ်ရာ ကျေးဇူးခံ ကျေးဇူးစား အနေအထား ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လုပ်ငန်းရှင်များနှင့် အစိုးရအကြား နက်ရှိုင်းသော ဆက်ဆံရေး ဖြစ်ထွန်းခဲ့ သည်။ ဒုတိယ လက္ခဏာမှာ ထိုအရင်းရှင် အသစ်စက် စက်များသည် စွန့်ဦး လုပ်ငန်းရှင်များ မဟုတ်ကြ ဘဲ အဆက်အသွယ်၊ ရာထူး၊ ကျောထောက် နောက်ခံကောင်းသူများသာ ဖြစ်ကြခြင်းပင်။
မေဂျီ ပြုပြင်ရေးများတွင် တော်လှန်ရေးတစ်ရပ် အသွင်ဆောင်သည့် လက္ခဏာများကိုလည်း တွေ့ရ ၏။ ပြုပြင်ရေး၏ ရည်ရွယ်ချက်မှာ ခေတ်ဟောင်း ပဒေသရာဇ် အမွေများကို ခဝါချပြီး ခေတ်မီ နိုင်ငံတော် တည်ဆောက်ရေးဖြစ်သည်။ အုပ်ချုပ်သူ လူတန်းစားသစ်၌ ဒိုင်မြိုများ ပါဝင်သော်လည်း အဓိက အင်အားစုမှာ ဆာမူရိုင်းများ ဖြစ်သည်။ ယင်းတို့အထဲတွင် ဆာမူရိုင်းများအဖြစ် ကောက်ယူ ဖြည့်တင်းထားခဲ့သည့် လယ်သမား အစိတ်အပိုင်းများလည်း ပါဝင်သည်။ ကုန်သည်ပွဲစား အနည်းငယ် လည်း ပါဝင်သည်။ ထိုဖြစ်စဉ်၌ အာဏာရ လူတန်းစား အပြောင်းအလဲများကို ထင်ရှားစွာ တွေ့နိုင် သည်။ သို့ရာတွင် ဥရောပ၏ ဘူဇွာများနှင့် မတူသည့် အချက်မှာ ထိုခေတ် ဂျပန်၏ အရင်းရှင်အသစ် များအနေဖြင့် အပြောင်းအလဲကို ဖန်တီး လှုံ့ဆော်ခဲ့သူများ မဟုတ်ကြခြင်းပင်။ ၎င်းတို့အနေဖြင့် အစိုးရနှင့် ပဋိပက္ခ မဖြစ်ရေးကိုသာ အားထုတ်ခဲ့ကြသည်။ ပြုပြင်ရေးကို အဓိက မောင်းနှင်သူများမှာ အုပ်ချုပ်သူများ ကိုယ်တိုင်ဖြစ်သည်။ ၎င်းတို့၏ လက်ဝယ်ရှိ အုပ်ချုပ်ရေး အာဏာကို တရားဝင် စွဲကိုင် ထားနိုင်ရေး လုပ်ဆောင်ခဲ့ခြင်းနှင့် တစ်ပြိုင်တည်းမှာပင် လူကြိုက်များ ထောက်ခံမှုရရေးအတွက် ဆာမူရိုင်းများသည် ဧကရာဇ်၏ အခန်းကဏ္ဍကို ဂျပန် လူမှုဘဝ၏ နှလုံးသည်းပွတ်အဖြစ် ပြန်လည် တည်ဆောက်ပေးခဲ့သည်။ နန်းတော်ကို ကျိုတိုမှ အီဒို (ယနေ့ တိုကျို) သို့ ပြောင်းရွှေ့ပေးခဲ့သည်။
ထိုဖြစ်စဉ်မှာ အုပ်ချုပ်သူ အထက်တန်းလွှာ အချင်းချင်း အာဏာသိမ်းမှုဖြစ်ပြီး အောက်ခြေမှ အုံကြွခြင်း မျိုး မဟုတ်ချေ။ ထို့ကြောင့်ပင် မေဂျီခေတ် အပြောင်းအလဲများ၌ တော်လှန်ရေးအသွင်များ ပါရှိသော် လည်း အသင့်တော်ဆုံး အမည်တပ်ရန်မှာ ပြုပြင်ရေးဟူ၍သာ ဖြစ်တော့သည်။ လူရမ်းကားများလက်မှ ဂျပန်ကို ကယ်တင်ရေးဟူသည့် အကာအကွယ်ကိုယူပြီး အုပ်ချုပ်သူ လူတန်းစား၏ အကျိုးစီးပွားကို ထိန်းသိမ်းရန် အားထုတ်မှု ဖြစ်သည်။ ထိုဖြစ်စဉ် တစ်ခုလုံးတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် သည်နှင့်အမျှ စနစ် တစ်ခုလုံးကို ထိန်းသိမ်း စောင့်ရှောက်ရန်လည်း ပုံစံ ချထားခဲ့သည်။ ရှေးရိုးဝါဒီများ အယူအဆ ပြင်းထန်သူများ၏ ဗီဇကို ဆက်လက် သယ်ဆောင်ခဲ့ကြသည်။ ဂျပန်ကား ရှေးရိုးစွဲဝါဒ ခိုင်မာသည့် တိုင်းပြည် တစ်ခုဖြစ်ပြီး ဆက် လက် ဖြစ်တည်ရေး ရေစီးကြောင်းများက ရပ်တန့် ဖယ်ရှား ရေး ရေစီးကြောင်းများထက် ပိုမို သန်စွမ်းသည့် နိုင် ငံဖြစ်၏။ မဖြစ်မနေ ရပ်တန့် ဖယ်ရှားရမည့် အခြေအနေနှင့် ရင်ဆိုင်လာရသည့် ၁၈၆၈ ခုနှစ်ကဲ့သို့သော အချိန်၌ ပင် တရုတ်နှင့် ပြင်သစ်တို့မှာကဲ့သို့ တော်လှန်ရေးတစ်ရပ်ဖြင့် ဖောက်ခွဲ ပြောင်းလဲရခြင်းမျိုးကို ရှောင်ရှားခဲ့သည်။
အပြောင်းအလဲတစ်ခု သိသိသာသာ လိုအပ်လာသည့် အခြေအနေတွင် အမြင်ရှိသည့် အုပ်ချုပ်သူ များက ဦးဆောင်ကာ မည်သို့ ပြုပြင် ဖွဲ့စည်းမည်ကို ရွေးချယ်ပြီး ပုံစံဟောင်းကို ဖြစ်နိုင်သမျှ ဆက်လက် ထိန်းသိမ်းခဲ့ကြ သည်။ ထို့ကြောင့်ပင် ပြုပြင်ရေး ကာလတစ်လျှောက် တော်လှန်ရေးများ ကဲ့သို့ သွေးထွက်သံယိုမှုများ မကြုံ ရခြင်းဖြစ်သည်။ အုပ်ချုပ်သူ လူတန်းစားအနေနှင့် ဘဝနေထိုင်မှု၊ ရိုးရာ အစဉ်အလာများ၊ ဓလေ့ ထုံးတမ်းများ၊ မိသားစု ပုံစံ၊ လူတန်းစားအချင်းချင်း ဆက်ဆံမှုနှင့် ဂျပန်၏ လူ့အလွှာ အဆင့်ဆင့်ကို ပြောစမှတ်တွင်စရာ အတိုင်းအတာ တစ်ခုအထိ ဆွဲဆန့်နိုင်ခဲ့ကြ သည်။ မေဂျီ ပြုပြင်ရေးကား ဂျပန်နိုင်ငံကို အုပ်ချုပ်သူများ၏ ကြံ့ကြံ့ခံနိုင်မှု၊ အဇ္ဈတ္တ စွမ်းအား၊ အခြေ အနေမှန်ကို လက်ခံနိုင်ခြင်း၊ ထို့ပြင် အခြေအနေအရ လိုအပ်လျှင် ရပ်တည်ချက် ပြောင်းနိုင်သည့် အရည်အသွေးများအတွက် အောင်လက်မှတ်ပင် ဖြစ်တော့သည်။
မေဂျီပြုပြင်ရေးနှင့် ဥရောပ၏ တော်လှန်ရေးများအကြား အခြေခံကျကျ ကွဲလွဲချက် တစ်ရပ်လည်း ရှိသေး၏။ ဥပမာ- ပြင်သစ်တော်လှန်ရေး၌ အကြောင်းရင်းများစွာ ရှိသည့်အနက် “ဘူဇွာလူတန်းစား အခြေမြင့်လာခြင်း ဟူသည့်” လူတန်းစား အလွှာများအတွင်း ပြောင်းလဲ ဖြစ်ထွန်းလာမှုကို တုံ့ပြန်ခြင်း မှာ အခြေခံ အကြောင်းတစ် ရပ်ဖြစ်သည်။ အခြား တစ်ဖက်တွင်မူ မေဂျီ ပြုပြင်ရေးမှာ ကျူးကျော် နယ်ချဲ့လာသည့် အနောက်တိုင်းသားများ သို့မဟုတ် ပြင်ပ ခြိမ်းခြောက်မှုကို တုံ့ပြန်ခြင်းသာဖြစ်သည်။ ယင်းအချက်ကား ဥရောပနှင့် အခြား ကမ္ဘာ့ဒေသများ အကြား အခြေခံကျသည့် ပထဝီနိုင်ငံရေး ခြားနား ချက်ပင် ဖြစ်တော့သည်။ ဥရောပမှာ ခေါင်းဆောင်ဖြစ်ခဲ့ပြီး သားကောင် ရှာဖွေသူလည်း ဖြစ်သည်။ ကမ္ဘာ့ အခြားဒေသများမှာမူ ဥရောပ၏ စွမ်းပကားနှင့် နယ်ချဲ့လိုစိတ် များကို ကိုင်တွယ် ဆက်ဆံရန် နည်းလမ်းများ မဖြစ်မနေ ရှာကြံခဲ့ရသူများ ဖြစ်လေသည်။
အထက်ပါ ခြားနားချက်ကပင် မေဂျီပြုပြင်ရေးကို အောက်ခြေ လူတန်းစားကမဟုတ်ဘဲ အုပ်ချုပ်သူများ က အဘယ်ကြောင့် အစပြု ဖော်ဆောင်ခဲ့ရသည်ကို ရှင်းပြနေ၏။ ဂျပန်၏ မဖြစ်မနေ ပြောင်းလဲရခြင်း ကား ကုန်သည် လူတန်းစားကြောင့်မဟုတ်ဘဲ အနောက်တိုင်း၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်လေသည်။
ဂျပန်သည် အနောက်တိုင်း၏ ပါဝါနှင့် သြဇာအောက်တွင် ညှိနှိုင်း ရယူသောနည်းဖြင့် ခေတ်မီနိုင်ငံ ဖြစ်လာသူ စံနမူနာပြုစရာ ပထမဆုံးသော နိုင်ငံဖြစ်သည်။ ဂျပန်စတိုင်လ် ခေတ်မီခြင်းကား အန္တရာယ် ကို သိနေလျက်ကပင် တမင် စွန့်စား၍ အနောက်တိုင်းပုံစံပြုရေးနှင
“ကျွန်ုပ်တို့၏ အရေးအရာများကို အမှတ်ထင်ထင် ရှိစေရန်အလို့ငှာ ထူးခြားသည့် ကွဲပြားချက်များကို ရွေးချယ် ရာတွင် ကျွန်ုပ်တို့နှင့် သူတို့ (သြဇာ သက်ရောက်နေသည့် နိုင်ငံခြား တိုင်းပြည်များ) အကြား ဆက်ဆံရေး သာမက ပိုမို အရေးပါလှသည့် ကျွန်ုပ်တို့၏ ကိုယ်ပိုင် အရေးအရာများ တည်မြဲရေးကို လည်း အလေးအနက် ထားခဲ့သည်။ ယင်းအချက်က ကျွန်ုပ်တို့ နိုင်ငံအနေဖြင့် ယဉ်ကျေးမှု တစ်ရပ် ပိုင်ဆိုင်သည့် တိုင်းပြည်အဖြစ် မပျက်မသုဉ်း ရပ်တည်ခြင်းကို သရုပ်ဖော်နိုင်ခဲ့သည်။ သမိုင်းဖြစ်စဉ်အရ ဆက်လက် ရပ်တည်လိုခြင်းကို ထိန်းသိမ်းနိုင်ခဲ့သည်။ ယင်းကား ကျွန်ုပ်တို့ ယဉ်ကျေးမှု၏ ကိုယ်ပိုင် အရေးအရာများဖြစ်ပြီး ကျွန်ုပ်တို့ တစ်ဦးတည်းပိုင် သီးသန့် ဖြစ်လေသည်။”
ထို့ကြောင့်ပင် ဂျပန်၏ ထူးခြားမှုကို နည်းလမ်း နှစ်သွယ်ဖြင့် အဓိပ္ပာယ်သတ်မှတ်ပြီး ထိန်းသိမ်းထား ခဲ့သည်။ ပထမ နည်းလမ်းမှာ အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သော ဂျပန်တို့သာ ပိုင်ဆိုင် ကျင့်သုံးသည့် ဂျပန်မှု အရေးအရာ စစ်စစ်များဖြစ်ပြီး ဒုတိယမှာ ယင်းဂျပန်မှု အရေးအရာများနှင့် ပေါင်းစပ်ထားသည့် နိုင်ငံရပ်ခြား သြဇာ သက်ရောက်မှုများဟူ၍ ဖြစ်လေသည်။ ကိုယ်ပိုင် ဂျပန်မှု ရေးရာများကို တစ်ပိုင်း မွေးစားယူခဲ့သည့် ကပြား ယဉ်ကျေးမှု၏ အထက်မှာ ထား၍ နေရာပေးခဲ့၏။ ရုပ်ဝတ္ထုများဖြစ်သည့် တာတမီ မြက်ဖျာများ၊ ဆာကေ အရက်နှင့် ဆူမို နပန်းကစားခြင်းအပါအဝင် အမျိုးပေါင်းများစွာ ကွဲပြား သော်လည်း ဂျပန်စစ်စစ်ဟု ဆိုနိုင်ရန် အတွက် ဂျပန်မဟုတ်သူများနှင့် မည်မျှ ခြားနားစွာ ပြုမူနေထိုင် ကြမည်ဆိုသည့် အချက်ကို အဓိကထား၍ သတ်မှတ်ခဲ့လေသည်။
ယင်းသို့ ယဉ်ကျေးမှု နှစ်ခွ ကျင့်သုံးခြင်းကို ဂျပန်တို့၏ နေ့စဉ် ကိစ္စများတွင် အတူယှဉ်တွဲ၍ တွေ့နိုင် လေသည်။ အကျိုးဆက်မှာ လွန်စွာ ရှုပ်ထွေးလှပြီး ပုံသေမှတ်ယူ၍ မရနိုင်လောက်သည့် ဂျပန်တို့၏ မော်ဒန်ဘဝပင်ဖြစ် သည်။ ရံဖန်ရံခါတွင် အော်ဂလီဆန်စရာများပင် ရှိတတ်သေးသည်။ ထိုထူးဆန်း ထွေပြားလှသည့် မော်ဒန်ဘဝမှာ ခိုင်မြဲစွာ အမြစ်တွယ်ခဲ့ပြီးဖြစ်ရာ ရံဖန်ရံခါ၌ အားလုံးကို ဂျပန်တို့ ကိုယ်ပိုင်အဖြစ် မှတ်ယူနိုင်သည်အထိ ခေတ်စား လာခဲ့သည်။ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ခြင်းမှာ သာမန် အပြုအမူတစ်ရပ်သာ ဖြစ်သည်။ သို့ရာတွင် တနင်္ဂနွေနေ့များတွင် ကီမိုနိုများ အလုအယက် ဝတ်ကြပြန်သည်။ အိမ်နေရင်းဖြင့် ဂျပန်ရိုးရာ အဝတ်အစားများ လည်း ဝတ်ကြသည်။ ဂျပန်အစားအစာ စားပွဲ၌ ဂျပန်၊ တရုတ်နှင့် အနောက်တိုင်း ဟင်းပွဲများ ပါလေ့ရှိသည်။ ဂျပန်၌ တူနှင့် ဇွန်းခက်ရင်းကို ယှဉ်တွဲ သုံးကြသည်မှာ ထူးဆန်းသည့် မြင်ကွင်းမဟုတ်ချေ။ ထို့ပြင် သမိုင်းကို ပြန်လည် တူးဆွပါက ဂျပန်ဘာသာစကား၌ တရုတ်မှ ဆင်းသက်လာသည့် အက္ခရာနှင့် ဂျပန် ကိုယ်ပိုင်အက္ခရာများ ယှဉ်တွဲ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အနောက်တိုင်းပြုမှုကို ပြင်းပြင်းထန်ထန် အကောင်အထည် ဖော်ခဲ့ကြပြီးနောက် ဂျပန်နှင့် အနောက်တိုင်း ယှဉ်ကျေးမှုတို့၏ ဆက်စပ် ပတ်သက်မှုကိစ္စမှာ အကြီးအကျယ် ငြင်းခုံစရာဖြစ်ခဲ့၏။ ၁၈၆၈ ခုနှစ်နောက်ပိုင်း ဂျပန်သမိုင်းကို ကြည့်လျှင် အနောက်တိုင်း ပြုရေးနှင့် ဂျပန်မှုပြုရေးတို့ တစ်လှည့်စီ နေရာယူထားသည်ကို တွေ့နိုင်လေသည်။
မေဂျီပြုပြင်ရေး၏ ပထမအနှစ် ၂၀ အတွင်း ကဏ္ဍ အတော်များများတွင် ဒေါမာန်ဟုန်ထနေသည့် အနောက် တိုင်းပြုရေး လုပ်ငန်းစဉ်ကို တွေ့ကြရမည်ဖြစ်သည်။ ၁၉၀၀ ပြည့်နှစ်များတွင်မူကား အနောက်တိုင်းပြုရေး မှာ ပြန်လည်သုံးသပ်ခံနေရသည့် အဆင့်သို့ ရောက်သွားခဲ့ပြီး ဂျပန်၏ အနှစ်သာရများကို သတ်မှတ်သည့် ကာလသို့ ရောက်ရှိလာပြန်သည်။ ဤကာလတွင် ဂျပန်ဟု ဆိုနိုင် သည့် သွင်ပြင် လက္ခဏာ သုံးမျိုးကို ဆွေးနွေး ငြင်းခုံခဲ့ကြ၏။ (၁) ဧကရာဇ် ဘုရင်စနစ်၊ (၂) ဆာမူရိုင်း စိတ်ဝိညာဉ်နှင့် (၃) ဧကရာဇ် ဘုရင်မင်းမြတ်ကို ဖခင်အဖြစ် မှတ်ယူထားသည့် မိသားစုဆန်သော လူ့ အဖွဲ့အစည်းဟူ၍ ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
(Martin Jacques ရေးသား၍ ဌေးနိုင်ဘာသာပြန်သည်။)
ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့်အခါဝယ် (၈) ကို ဖတ်ရှုရန်
0 အားပေးစကားပြောကြားကြပါ:
Post a Comment